အင်အားပြင်း ဆိုင်ကလုန်းကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတွင် လူ ၈၈ ဦး သေဆုံး

နယူးဒေလီ၊ ဒါကာ၊ မေ ၂၂
၁၉၉၉ ခုနှစ်နောက်ပိုင်းမှာ အင်အားအပြင်းဆုံးလို့ ဆိုနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံများသို့ မေ ၂၁ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် မုန်တိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက် ပျက်စီးဆုံးရှုံးမှု များပြားသလို သေဆုံးသူမှာလည်း (၈၈) ဦးအထိ ရှိကြောင်း သိရပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်မှာ လေတိုက်နှုန်း တစ်နာရီကို (၉၅) မိုင်နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအချို့နဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းသို့ ဝင်ရောက်လာတဲ့အတွက် သစ်ပင်တွေပြိုလဲ၊ ဓာတ်တိုင်တွေကျိုးပဲ့ပြီး အိမ်ထောင်စုပေါင်း သန်းနဲ့ချီကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသလို နေအိမ်များပါ ပြိုကျပျက်စီးရတဲ့အတွက် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ COVID-19 အန္တရာယ်ကို ဘေးချိတ်ပြီး မုန်တိုင်းရှောင် အဆောက်အအုံတွေမှာ ခိုလှုံနေခဲ့ကြရပါတယ်။
အမ်ဖန်မုန်တိုင်းကြောင့် နောက်ဆက်တွဲထိခိုက်မှုမှာ COVID-19 ထက်ပင် ဆိုးရွားပြီး အနောက်ဘင်္ဂလားပြည်နယ် တစ်ခုအတွင်းမှာတင် မုန်တိုင်းကြောင့် သေဆုံးသူ (၇၂) ဦးရှိကြောင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ်ဖြစ်သူ မာမာတာ ဘနာဂျီက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် (၇၅) အရွယ် အမျိုးသားကြီးတစ်ဦး အပါအဝင် သေဆုံးသူ (၁၆) ဦးရှိကြောင်း ယင်းနိုင်ငံ အာဏာပိုင်တွေထံမှ သိရပါတယ်။ မုန်တိုင်းအမ်ဖန်ဟာ လက်ရှိအချိန်မှာ အင်အားလျော့လာပြီး မြောက်ဘက်ဆီသို့ ဆက်လက်ရွေ့လျားလျက်ရှိနေကြောင်း သိရှိရပါတယ်။

Related posts