12.3.2020 မှ 18.3.2020 အထိတစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းကံဇာတာအထူးကောင်းမွန်သောကာလဖြစ်၍ မှန်ကန်သောဆုံးဖြတ်ချက်များဖြင့် ဘဝ၏ တိုးတတ် မှုများ ရှာဖွေခွင့်ရရှိလိမ့်မည်။ လုပ်ငန်းတွင် ကိုယ်နဲ့တိုက်ရိုက်မဆိုင်တဲ့အခြားသောကိစ္စများ ပူးတွဲလုပ်ကိုင် ဆောင်ရွက်ရမည်။ ခေါင်းစားသောလုပ်ငန်းကိစ္စများ၊ဉာဏအလုပ်များမှ ထူးထူးခြားခြားငွေကြေးအမြတ်အစွန်းများ ရရှိတတ်ပါတယ်။ လုပ်ငန်းရှင်များ ကြီးပွားအောင်မြင်မည့် အကြံဉာဏ်ကောင်းများရှိရင်တော့ လက်တွေ့ဆောင်ရွက် ခြင်းဖြင့် အကျိုးထူးမည်။အမျိုးမျိုးသော အခွင့်အရေးများစွာအနက်မှ မိမိဘဝမြင့်မားတိုးတတ် မည့် အခွင့်အရေး ကောင်းများ ရွေးချယ်နိုင်မည့် အချိန်ကာလဖြစ်ပါတယ်။ ဘာသာရေးကိစ္စများ ထူးခြားစွာ လုပ်ကိုင် ဆောင်ရွက်ရပြီး ဆေးပညာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် အကျိုးရှိဖြစ်ထွန်းမည်။ ငွေကြေးကံကောင်းမွန်၍ ထီကံစမ်းသင့် သည့်ကာလ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးကိစ္စများ အတိုက်အခံရှိသော်လည်း ပြန်လည် သင့် မြတ်မည်။ ချစ်သူများ အနာဂါတ် အချစ်ရေးကိစ္စ များအား လှပစွာတည်ဆောက်ပုံဖေါ်နိုင်မည်။ ပညာသင်ကြား နေသူများ အခြားသူတို့မရရှိနိုင်သော ကံကောင်းမှုများ တွေ့ကြုံရတတ်သည်။ ကျက်ထားတဲ့စာတွေ စာမေးပွဲမှာ တိုးပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၉/၆/၂
အထူးဟော ကံမြင့်မားနေမည်။
ယတြာ ခြေသုတ်ခုံလေး ၂ ခုဘုရားစေတီမှာလှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်းများများတွေးခေါ်ပြီး များများလုပ်ကိုင်လိုသည့်ဆန္ဒများ ကိန်းဝပ်နေတတ်သည်။ လုပ်ငန်း ပိုင်းတွင် ပြဿနာအသေးအဖွဲ့များ ယှဉ်တွဲဖြစ်ပေါ်နေပေမယ့်အဆုံးသတ်ပြေလည် အောင်မြင်မည်။ လုပ်ဖေါ်ကိုင် ဖက်တို့၏အတိုက်အခံပြုမှုကြောင့်အထက်အကြီးအကဲများနှင့်အဆင်မပြေဖြစ်တတ်သည်။လုပ်ငန်းရှင်များ စိတ်ကူး သစ်၊ အယူအဆသစ်များဖြင့် ဆောင်ရွက်လိုက်ရင်တော့ လုပ်ငန်းကိစ္စများအတွက် အောင်မြင်မှု များရရှိတတ်သည်။ အိမ်ထောင် ရှင်များ မောင်နှမသားချင်းများနှင့် ပတ်သက်ပြီး မိသားစုပဋိပက္ခကြုံမည်။ ချစ်သူများ ကံကောင်းသော အချစ် အားအင်များဖြင့် အနာဂတ်ကို ဖြတ်ကျော်နိုင်မည်။လူငယ်များ ပြဿနာတွေနဲ့ နီးနီးကပ်ကပ် ရင်ဆိုင်ဖြေရှင်းရ ပါမယ်။ ဒါပေမယ့် ကံကောင်းမှုတွေ တိုက်ဆိုင်ပြီး ပြဿနာတွေ ပြေလည်သွားမယ်။ ရာသီအကူးအပြောင်း အဖျားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအညံ့တွေ ပေါ်ပေါက် တတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းမှာ ပြဿနာ အနှောက်အယှက် မကြာခဏ တွေ့ကြုံရတတ်ပါမယ်။ အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေပိုသတိထားပါ။ ပညာသင်ကြားနေသူများ ပညာရေးကံဇာတာမျာ မြင့်မားတိုးတတ်၍ အောင်မြင်မှုများ ရယူခွင့် ရှိမည်။ ပညာရေးကောင်းပေမယ့် ဂိမ်း ဆော့တာနဲ့ဖျော်ဖြေရေးကိစ္စတွေကို လုပ်မိရင်စာကိုလစ်ဟင်းသွားတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၃/၇
အထူးဟော ရန်အတိုက်အခိုက်ကျော်လွှားပြီး စိတ်ချမ်းသာရပါလိမ့်မည်။
ယတြာ နှင်းဆီအဖြူ၇ပွင့်ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်းငွေကြေးရရှိမှုကံကောင်းသော်လည်း အဖက်မတင်သောကာလဖြစ်သည်။ စိတ်ပင်ပန်းဖိစီးမှု များပြားပြီး ဆုံးဖြတ်သုံးသပ်ချက်များအတွက် လွဲချော်မှုများ ယှဉ်တွဲနေရတတ်သည်။ စိတ်ညစ်စရာတွေကိုခေါင်းထဲ ထည့်ထားရင်ဘာမှမလုပ်နိုင်ဖြစ်တတ်ပါတယ်။ logကျနေတဲ့ မိမိအရေးကြီးတဲ့accountများပြန်ဆယ်ယူရတတ်ပါ တယ်။ လုပ်ငန်းတွင် အောင်မြင်မှုများ ရရှိတတ်သော်လည်း ပြင်းထန်သောလုံ့လစိုက်ထုတ်မှုများဖြင့် ကြိုးစားဆောင် ရွက်ရ မည်။ မိသားစု၊ မောင်နှမ သားချင်း အရေးကိစ္စများအတွက် ခေါင်းစားနေရမည်။ အိမ်၊ ခြံမြေကိစ္စများကြောင့် အကျိုးအမြတ်ရရှိမည်။ နိုင်ငံရပ်ခြားဒေသများနှင့် ပတ်သက်၍လုပ်ငန်းသစ်များ လုပ်ကိုင်ဆောင်ရွက်ရမည်။ မိမိကံ အကောင်း၊ အဆိုး ဒွန်တွဲနေပြီး ငွေကြေး၊ အနှောက်အယှက်ပြဿနာများ သတိပြုပါ။ လုပ်ငန်းရှင်များ မိမိလုပ်ငန်း ကိစ္စများတွင် လုပ်ဖေါ်ကိုင်ဖက်များနှင့် ပတ်သက်၍ ငွေကြေးကိစ္စသတိပြုပါ။ ပညာသင်ယူသူများ ပညာရေးမှာ စိတ်လောတာကြောင့်မေးခွန်းတွေမှားဖြေမိတတ်ပါတယ်။မိမိအိမ်ထောင်ဖက်ထံမှ မေတ္တာတရားများ ယခင်ထက် ပိုမိုရရှိမည်။ ချစ်သူများ စိတ်သဘောထားတိုက်ဆိုင်မှု ညီညွတ်နေမည်။

အကျိုးပေးဂဏန်း ၁/၃/၈
အထူးဟော ကံအဆိုးတွေရောထွေးပါနေတတ်သည်။
ယတြာ အာလူးနဲ့ဝက်သားရောချက်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလဟာရန်အနှောက်အယှက်မကင်းတဲ့ကာလတစ်ခုပါပဲ။လုပ်ငန်းကိစ္စများအတွက် အတိုက်အခံပဋိပက္ခ ပြဿနာစကားများ ပြောဆိုရပြီး အကျိုးအမြတ်နည်းပါးသော ကာလဖြစ်သည်။ မိသားစုအတွင်း လုပ်ငန်းကိစ္စများ အတွက် တိုးတတ်မှုနည်းပါးသည့် အခြေအနေတွင် ရှိနေပြီး ငွေကြေးကြွေးမြီးပြဿနာများ ပေါ်ပေါက်တွေ့ကြုံရ တတ်သည်။ အရေးကြီးသော မိသားစုကိစ္စများအတွက် တာဝန်ဖြေရှင်းပေးရပြီး စိတ်လေလွင့်မှု များပြားနေမည်။ ရည်မှန်းချက်များဖြင့် လက်တွေ့အခြေအနေအရ လွဲချော်နေတတ်ပြီး စီးပွားရေးပိုင်း တိုးတတ်မှုနှေးတာမျိုးကြုံမည်။ ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် ချွေးထွက်လွန်လူနုံးခြင်းတွေနဲ့ ပက်သက်သည့် ကျန်းမာရေးအညံ့များကို အထူး သတိပြုပါ။ သူများကိုအာမခံပေးရင်တော့ ငွေကြေးဆုံးရှုံးမှု များတွေ့ကြုံရတတ်သည်။ လုပ်ငန်းရှင်များ မိမိလုပ်ငန်း ပိုင်းတွင် မျှော်မှန်းသလောက် အဆင်မပြေနိုင်သောကာလ ဖြစ်သည်။ ပညာသင်ယူသူများ လုံ့လစိုက်ထုတ်မှုနည်းပါး သောကြောင့် အရာရာထင်ထားသလောက်အကျိုးမရှိဖြစ်နေမည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးသာယာမှု နည်းပါးမည်။ ချစ်သူများ ကြားလူနှောက်ယှက်မှုကြောင့် အဆုံးသက်ပြီးဆုံးမှုဖြစ်စဉ်များ ရင်ဆိုင်ရတတ်သည်။

အကျိုးပေးဂဏန်း ၂/၅/၈
အထူးဟော အပြိုင်အဆိုင်အတိုက်အခံများနေသည်။
ယတြာ ဖီးကြမ်းငှက်ပျောသီးတစ်ဖီး နီးစပ်ရာဘုန်းကြီးကျောင်းကိုလှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း ထူးခြားသော တိုးတတ်ပြောင်းလဲ ကြီးပွားမှုများ မိမိနှင့်မိသားစုလက်ဝယ်သို့ရောက်ရှိပြီး ကံကောင်းမှုအမျိုးမျိုးကို ရယူပိုင်ဆိုင်ခွင့် ရှိမည်။ ထီဆုကြီးများပေါက်ခြင်း သို့မဟုတ် ထီပေါက်သကဲ့သို့ ငွေကြေးကံ အထူးကောင်းမွန်သော အခွင့်အရေးများ ရယူဖန်တီးခွင့်ရှိလိမ့်မည်။ ဘုန်းကံဩဇာအရှိန်အဝါ ထူးခြားစွာတိုးတတ် မြင့်မားမည့် ကာလဖြစ်သည်။ အခြားသူတို့ရရှိရန် အခွင့်အရေးကောင်းများ မိမိထံသို့ အလွယ်တကူရောက်ရှိ လာမည်။ မိသားစု၌ လူမှုရေးကိစ္စများအတွက် ငွေကြေးသုံးစွဲကုန်ကျမှုများ များပြားနေတတ်သည်။ ငွေကြေးများ ရရှိသော်လည်း လက်ထဲငွေမမြဲတတ်ပါ။ လုပ်ငန်း၌ကောင်းသော နေရာဌာန အပြောင်းအရွှေကိစ္စများ တွေ့ကြုံနိုင် သည်။ လုပ်ငန်းရှင်များ လုပ်ငန်းပိုင်းအောင်မြင်သော်လည်း ငွေကြေးကိစ္စများအတွက် ခေါင်းခဲနေရမည်။ ပညာသင် ကြားနေသူများ ပညာရေးအထွဋ်အထိပ်သို့ ရောက်ရှိမည့် ကာလအပိုင်းအခြားဖြစ်သည်။ မိမိတို့ကြိုးစားသလောက် အောင်မြင်မှုတွေရလာတတ်ပါတယ်။အိမ်ထောင်ရှင် များ ငွေကြေးကိစ္စများကြောင့် အိမ်တွင်းရေးပြဿနာများ ဖြေ ရှင်းနေရမည်။ ချစ်သူများ အချစ်ရေးကံလန်းနေ၍ အရင်ထက်ပိုမိုသော မေတ္တာတရားများ ရယူပိုင်ဆိုင်ခွင့်ရရှိမည်။

အကျိုးပေးဂဏန်း ၃/၅/၆
အထူးဟော လုပ်ငန်းစီးပွားမှန်းထားသည်ထက်ပိုမိုတိုးတတ်ပါလိမ့်မယ်။
ယတြာ စံပယ်ပန်း တစ်ကုံးဘုရားလှူပေးလိုက်ပါ။

သောကြာ

ဒီကာလအတွင်းစိတ်ပင်ပန်း၊ လူပင်ပန်းဖြင့် ဗျာများနေရသော ကာလဖြစ်သည်။ မိမိကြံစည်ကြိုးပမ်းမှု ကြောင့် ပြည့်ဝအောင် မြင်မှုများ ရရှိသော်လည်း စိတ်ပူပန်မှုများ ယှဉ်တွဲနေရမည်။ အဓိကတော့အောက်လက် ငယ်သားတွေကထင်သလောက်အားမကိုးရတတ်ပါဘူး။စာရင်းဇယားတွေနဲ့ပက်သက်ပြီးသေသေသပ်သပ် လုပ်ကိုင် ဆောင်ရွက်ပါ။ လုပ်ငန်းကိစ္စအမျိုးမျိုးအား ဆောင်ရွက်ရန်အတွက် အခွင့်အရေးသစ်များ တွေ့ကြုံပေါ် ပေါက် လာမည်။ နိုင်ငံရပ်ခြားနှင့်ပတ်သက်သော ကိစ္စရပ်များအတွက် အတိုက်အခံကြုံမည်။ ကျန်းမာရေးပိုင်း အသေးအဖွဲ့ အညံ့ရှိတတ်ပါတယ်။ ခရီးသွားလာမှုအတွက် စိတ်အနှောက်အယှက် များ ဖြစ်တတ်သည်။ ခရီးသွားပြီးလုပ်ကိုင် ရတဲ့အလုပ်တွေအဆင်မပြေဖြစ်တတ်ပါတယ်။ ကံအသင့်အတင့် ကောင်းမွန်သော ကာလဖြစ်သော်လည်း မိမိ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရန်အတွက် လိုအပ်သည်ထက် ပိုမိုလုံ့လ စိုက်ထုတ် ကြိုးပမ်းရမည်။ လုပ်ငန်းရှင်များ ပုံမှန်လည်ပတ်နိုင်ပြီးအဆက်အသွယ်သစ်များ ရရှိမည်။ ပညာသင်ယူသူများဖြေးဖြေးနှင့်မှန်မှန်မိမိကြိုးပမ်းမှု အဆင် ပြေ အောင်မြင် လာမည်။ အိမ်ထောင်ရှင်များ အိမ်ထောင်မှုတာဝန် ဝတ္တရားများအတွက် စိတ်ဖိစီးမှုများပြားနေတတ် သည်။ ချစ်သူများ မိသားစုအရေးကိစ္စများကြောင့် စကားပြောအဆင်မပြေဖြစ်ရတတ်သည်။

အကျိုးပေးဂဏန်း ၄/၀/၈
အထူးဟော အလုပ်များနေတတ်ပါတယ်။
ယတြာ ထန်းလျက် ၁၁လုံးဘုရားကပ်ပါ။

စနေ

ဒီကာလအတွင်းပြဿနာအနှောက်အယှက်များကြား စိတ်ညစ်ရသောကာလဖြစ်သည်။ မိမိကိုယ်တိုင် ပြဿနာ ဖန်တီးလိုမှု များအထူးသတိပြုရှောင်ကြဉ်ပါ။ရွှေရတနာအသုံးအဆောင်ပစ္စည်းကောင်းများပျောက်ရှ ပျက်စီးဆုံးရှုံး တတ်သည့်ကာလဖြစ်သည်။ နိုင်ငံရပ်ခြားခရီး၊ ခရီးဝေးများ သွားလာရတတ်ပြီး ခရီးဝေးသွားလိုစိတ်များ ပြင်းထန် နေတတ်သည်။ လုပ်ငန်းရှင်များ မိမိယူဆသုံးသပ်ချက်များ လွဲချော်နေတတ်ပြီး ငွေကြေးကိစ္စ အနှောက် အယှက်ကြုံ မည်။လုပ်ငန်းပိုင်း ဆက်လက်တိုးတတ်မြင့်မားပြီး ငွေကြေးအကျိုး ရှိ သော်လည်း ပြဿနာများကြောင့် ဆုံးရှုံးမှုများ ပေါ်ပေါက်တွေ့ကြုံလာတတ်သည်။ အိမ်၊ ခြံ၊ မြေ၊ ယာဉ်တို့နှင့် ပတ်သက်၍ ပြဿနာအနှောက်အယှက်ကြုံမည်။ ဝန်ထမ်းတာဝန်ထမ်းရွက်နေသူများ အမှုပြဿနာများကြောင့် နေရာဌာန အပြောင်းအရွှေ့များ ကြုံတွေ့ရတတ်သည်။ ပညာသင်ကြားနေသူများ ပညာရေးကံမြင့်မားတိုးတတ်မည်။ မိမိကျက်ထားတာတွေ စာမေးပွဲမှာတိုးပါလိမ့်မယ်။ အိမ်ထောင်ရှင်များ စိတ်လိုက် မာန်ပါ ဆောင်ရွက်မှု ကြောင့် အိမ်ထောင်ရေး ပဋိပက္ခများ တွေ့ကြုံရတတ်သည်။ ချစ်သူများ အချစ်ရေးကံ တိုးတက်လန်း ဆန်း သော ကာလဖြစ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၇
အထူးဟော အိပ်ရေးပျက်မခံလိုက်ပါနဲ့။ကျန်းမာရေးညံ့သွားတတ်သည်။
ယတြာ ပေါက်ပေါက်ဆုပ်ဘုရားကပ်လှူလိုက်ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Related posts