Glee သရုပ်ဆောင်မင်းသား မာ့ခ်ဆဲလင်း မိမိကိုယ်မိမိ အဆုံးစီရင်

နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲ Glee နှင့်အတူ လူသိများလာခဲ့သည့် အမေရိကန်မင်းသား မာ့ခ်ဆဲလင်းသည် လော့စ်အိန်ဂျယ်လိစ်ရှိ သူ၏နေအိမ်၌ အင်္ဂါနေ့က မိမိကိုယ်မိမိအဆုံးစီရင်သွားခဲ့ကြောင်း သူ၏ရှေ့နေဖြစ်သူက အတည်ပြုပြောကြားခဲ့သည်။

လော့စ်အိန်ဂျယ်လိစ်ရှိ မှုခင်းအရာရှိများ၏အဆိုအရ မင်းသားဖြစ်သူသည် ကြိုးဆွဲချ၍ ကိုယ့်ကိုယ်ကိုသတ်သေ ခဲ့ခြင်းဖြစ်ကြောင်း Hollywood Reporter က သတင်းတင်ပြခဲ့သည်။

အသက် ၃၅နှစ်အရွယ်ရှိ မာ့ခ်ဆဲလင်းသည် ကလေးသူငယ်များနှင့် လိင်ဆက်ဆံသည့်ဓာတ်ပုံများကို လက်ဝယ် ပိုင်ဆိုင်ထားမှုကြောင့် ၄နှစ်မှ ၇ နှစ်အထိ ထောင်ဒဏ်ကျခံရမည့် အခြေအနေများရှိနေပြီး သူ့ကိုလာမည့် မတ်လ ၇ ရက်နေ့တွင် အမိန့်ချမှတ်ရန် စီစဉ်ထားကြောင်း သိရသည်။

သူသည် လွန်ခဲ့သော ၂၀၁၅ ခုနှစ်က ကလေးငယ်များလိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံနေရသည့် ဓာတ်ပုံများကို လက်ဝယ်ပိုင်ဆိုင်ထားမှုအတွက် အဖမ်းခံခဲ့ရပြီး လွန်ခဲ့သော အောက်တိုဘာလက အသနားခံစာတင်ခဲ့သော ကြောင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရမည့် ပြစ်ဒဏ်မှ ရှောင်ရှားနိုင်ခဲ့သည်။

မာ့ခ်ဆဲလင်း၏ရှေ့နေဖြစ်သူ မိုက်ကယ်ဂျေပရော့တာက “ဒီကနေ့မနက်အစောပိုင်းမှာ မာ့ခ်ဆဲလင်းကွယ်လွန် သွားပါတယ်။ မာ့ခ်ဟာ နူးညံ့သိမ်မွေ့ပြီး ချစ်တတ်တဲ့လူတစ်ဦးဖြစ်ပါတယ်။ ဖန်တီးနိုင်စွမ်းအားလည်းကောင်းပြီး သူ့ရဲ့အမှားတွေအတွက် အကောင်းဆုံးပြန်ပေးဆပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်” ဟု ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

မာ့ခ်ဆဲလင်းသည် Glee ရုပ်သံဇာတ်လမ်းတွဲတွင် ဘောလုံးသမား နိုအာပတ်ခ်အဖြစ် လွန်ခဲ့သော ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပါဝင်သရုပ်ဆောင်ခဲ့သည်။

source_mizzima

Related posts